မောင်တော အောက်တိုဘာ ၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၏ ကွပ်ကဲမှုဖြင့် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်နှင်လွှဲပြောင်း/လက်ခံမှု ဆောင်ရွက်ကြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၉)ဦးအား လွှဲပြောင်း လက်ခံရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်တပ်ရင်း ၊ တပ်ရင်းမှူး Lt.Col Md Mohiuddin Ahmed, BGBMS,Commanding Officer,Tenaf Battalion ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော အဖွဲ့သည် အောက်တိုဘာ ၃ ရက် နံနက် (၁၀:၄၅)အချိန် Speed Boat (၂)စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများတင်ဆောင်မည့် စက်လှေတစ်စီးဖြင့် မောင်တောမြို့နယ် အမှတ်(၁) ဝင်/ထွက်စခန်း(POE)ဆိပ်ကမ်းသို့ ရောက်ရှိကြရာ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ရဲဝေစိုး ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေး မှူး ဦးထွန်းလှဇံ ၊ ဌာနခွဲမှူး ဒုတိယညွန်ကြားရေးမှူး ဦးမင်းနိုင်ဦး ဦးဆောင်သော အဖွဲ့ဝင်များ ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးအား ကျင်းပပြုလုပ်ရာ လက်ရှိနှစ်နိုင်ငံနယ်စပ်ဒေသအခြေအနေများ၊ တရားမဝင်ကျူးကျော်မှု၊ ဝင်ရောက်မှုမှ ကာကွယ်ခြင်းနှင့် နယ်စပ်နေဒေသခံပြည်သူများအား အမှတ်တမဲ့ဖြတ်ကျော်ခြင်းကိစ္စရပ်များ အသိပညာပေးရေးနှင့် နယ်မြေလုံခြုံရေးကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မြန်မာနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်ခြင်း မရှိစေရေးနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် မူခင်းများမဖြစ်ပွားစေရေး၊ မူးယစ်ဆေးဝါး အပါအဝင် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အပြန်အလှန် သတင်းဖလှယ်ကာ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ကြသည်။
ထို့နောက် ဉပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပြီးဖြစ်သော ပြည်နှင်လွှဲပြောင်းပေးမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂၉) ဦးအား လူတွေ့စစ်ဆေးပြီး လွှဲပြောင်းလက်ခံမှုမှတ်တမ်းအား လက်မှတ်ရေးထိုး လွှဲပြောင်းလက်ခံပြီး နှစ်နိုင်ငံအဖွဲ့များမှ အပြန်အလှန်လက်ဆောင်ပစ္စည်းများပေးအပ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်တပ်ရင်း ၊ တပ်ရင်းမှူး Lt.Col Md Mohiuddin Ahmed, BGBMS, Commanding Officer, Tenaf Battalion ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦး ပါဝင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂၉) ဦးအား ခေါ်ဆောင်၍ အမှတ်(၁) ဝင်/ထွက် စခန်း(POE) ဆိပ်ကမ်းမှ မွန်းလွှဲ(၁၃:၁၀)အချိန် တစ်ဘက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ Speed Boat (၂)စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများတင်ဆောင်မည့် စက်လှေတစ်စီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)