လှည်းကူး အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သက်ကြီးမြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အ.ထ.က(လှည်းကူး)ကျောင်းမှ ကျောင်းသား/သူများက “မြတ်ဆရာ”သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီးအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းနောင်က ဖတ်ကြားသည်။ ဆက်လက်၍မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးဦးသက်ဦးက ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သောစုပေါင်းသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ထို့နောက် လက်ထောက်မူလတန်းပြဆရာမဒေါ်နန်းအေးနွယ်ဦးက “အာစရိဂုဏာအနန္တော” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဆရာကြီး၊ ဆရာမကြီး(၁၄၄)ဦးအား ကန်တော့ခံပစ္စည်းများကို တစ်ဦးချင်းစီပေးအပ်ဂါရဝပြုပြီး တက်ရောက်လာကြသည့် ဌာနဆိုင်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက ရိုသေစွာရှိခိုးပူဇော် ကန်တော့ကြသည်။ တက်ရောက်လာသည့် ကန်တော့ခံဆရာကြီးနှင့်ဆရာမကြီးတို့က သြဝါဒစကားပြန်လည်ပြောကြားခဲ့ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ပညာသင်ကြားပေးခဲ့ကြသော ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)