မြင်းခြံမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်

မြင်းခြံ အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို  ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်၊၊

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့ အမှတ်ရစေလိုကြောင်း၊ ဆရာနှင့်ပညာရေးဒွန်တွဲလျက်ရှိသလို ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် တွဲလျက်ပါဝင်ကြောင်း၊ လူ့လောက၌ ဆရာဟူသည် မြင့်မြတ်လှသောပုဂ္ဂိုလ်အဖြစ် “အနန္တောအနန္တ” ငါးပါးတွင်ထည့်သွင်းခဲ့ကြကြောင်း၊ ဆရာသမားများ၏အရိပ်သည် တပည့်တည်းဟူသော မျိုးစေ့ပင်တို့ကို အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှု ပေးနိုင်စွမ်းရှိကြောင်း စသည်ဖြင့် ဟောပြောခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးခင်မောင်အေးက ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံ၊ ကြီးကျယ်မြင့်မြတ်သူဖြစ်ပါစေ အဲ့ဒီသူဟာ တစ်ချိန်က ဆရာတို့ရဲ့တပည့်ဖြစ်ကြောင်း၊ ဆရာ/ဆရာမတို့အား အမြဲထာဝစဉ် ရိုသေလေးစားရမည်ဖြစ်ကြောင်းတို့ကို အသိပညာ ဗဟုသုတရရှိစေရန် ဟောပြောခဲ့သည်၊၊

အဆိုပါ ဟောပြောပွဲသို့ အ.ထ.က-ခွဲ (အလင်းရောင်)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။                           

ကျော်စွာ(မြင်းခြံ)