ပျော်ဘွယ်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၅

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲ (၁) နာရီက အဆိုပါမြို့နယ်ရုံး လူထုအခြေပြဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား စတင်ကျင်းပခဲ့မှုများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများအပေါ် တပည့်ဝတ္တရားတို့နှင့်အညီ လိုက်နာနေထိုင်သင့်ပုံများ အစရှိသည်တို့ကို အသိပညာပေးဟောပြောသည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြပြီး လေ့လာဖတ်ရှုလိုသည့် စာအုပ်စာစောင်များကိုလည်း ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)