သီပေါ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယမန်နေ့မွန်းလွှဲ(၁)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပလတ်စတစ်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများနှင့် အန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြပွင့်ဖြူ က လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးတို့နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပလပ်စတစ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုး၊ အန္တရာယ်၊ ဖြစ်ပေါ်လာနိုင်သည့်ရောဂါများ၊ မူးယစ် ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)