မန်ကန်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင် အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်

မန်ကန် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုအားဖြင့် ဟောပြောပွဲနှင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ မန်ကန်မြို့နယ်၊ ငှက်ကာကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မန်ကန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခိုင်ငြိမ်းသင်း(တာဝန်ခံ)က နှစ်စဉ်အောက်တိုဘာလ (၅)ရက်နေ့အား ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ထားပါကြောင်း၊ ကမ္ဘာ့ဆရာများနေ့တွင် ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲများဆောင် ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျေးဇူးရှင်ဆရာ၊ဆရာမများအား အမြဲလေးစားရမည်ဖြစ်ပါကြောင်း ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများ အသိပညာတိုးပွားရေးအတွက် သုတ/ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့သည်။ အဆိုပါဟောပြောပွဲတွင် ငှက်ကာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ငြိမ်းသင်း(ပြန်/ဆက်)