ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အ-ထ-က(၄)ကျောင်းတွင် ထပ်မံတိုးချဲ့ Quarantine Centre ရှိ ကန့်သတ်စောင့်ကြည့်လူနာ များအတွက် အလှူရှင်များမှ ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်များလာရောက်လှူဒါန်း

ဒဂုံ (ဆိပ်ကမ်း)  အောက်တိုဘာ  ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အထက(၄)ကျောင်း၊ Quarantine Centre တွင် သီးခြားနေထိုင်သော စောင့်ကြည့်သံသယလူနာများနှင့် စေတနာ့ဝန်ထမ်းများအတွက် စားသောက် ကုန်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စေတနာရှင်အလှူရှင်များမှလည်း လာရောက်ပံ့ပိုး လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။

 လှူဒါန်းရာတွင်  အထက(၄)ကျောင်းရှိ ကန့်သတ်စောင့်ကြည့်လူနာ(၁၄၇)ဦး၊ ကျန်းမာရေးဝန်ထမ်း (၈)ဦး၊ စေတနာ့ဝန်ထမ်း(၃၅)ဦး စုစုပေါင်း (၁၉၀)ဦးအတွက် စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများကို အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးနှင့် အလှူရှင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် လာရောက်လှူဒါန်းရာ သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ လက်ခံရယူပြီး ဂုဏ်ပြုလွှာမှတ်တမ်းများ ပေးအပ်၍ လှူဒါန်းမှုများအား Quarantine Centre မှ တာဝန်ရှိသူ များက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာသဖြင့် Quarantine Centre ထပ်မံတိုးချဲ့ဖွင့်လှစ်ရပြီး အဆိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်သော  Quarantine Centre အမှတ်()တွင် အောက်တိုဘာလ ၁၉ ရက်နေ့၌ စတင်၍ ကန့်သတ် စောင့်ကြည့်လူနာများ  ထားရှိကြောင်း သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)