ကျောက်မဲ အောက်တိုဘာ ၂၀
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများထဲမှ Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိသည့် ပညာရေးဝန်ထမ်း ၃၀၆ ဦးအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက ယနေ့ တစ်ရက်တာအတွက် ထမင်း ၂ နှပ် စာ လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၁၁၃၅ ဦးလျာထားခဲ့ပြီး ယင်းပညာရေးဝန်ထမ်းများသည် မဲရုံတာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ နေရပ်အသီးသီးမှ ကျောက်မဲမြို့သို့ အောက်တိုဘာ လဆန်းပိုင်းက ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
အဆိုပါ နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် ပညာရေးဝန်ထမ်းများထဲမှ ကိုဗစ်-၁၉ ရောဂါ အဖြစ်များသည့် ဒေသမှ ပြန်လာသည့် ပညာရေးဝန်ထမ်း ၃၀၆ ဦးကို အမှတ် ၁၊ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် ၆ အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် ၁၄ ရက်အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်ထားပြီး ဓါတ်ခွဲနမူနာများကို ရယူကာ ကိုဗစ်− ၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးထားရှိပြီး ဖြစ်သည်။
အဆိုပါ အသွားအလာကန့်သတ်ထားကှိသည့် ပညာရေးဝန်ထမ်းများ စားသောက်ရေးအတွက် အလှူရှင်နေ့စဉ်ပုံမှန် နီးပါရှိနေပြီး ယနေ့အတွက်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ့မှ အဖွဲ့ဝင်များက စုပေါင်းလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)