ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျောက်မဲ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ စည်ပင်သာယာရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် အောက်တိုဘာ ၃ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ကျောက်မဲမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့တွင်းလမ်းတံတား၊ ရေ၊ မီးပန်းခြံလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းရွေးချယ်ညှိနှိုင်းရေး အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲ စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာမှူး ဦးဇော်မျိုးဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်း/စီမံကိန်းသစ် ၃၃ ခု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ရပ်ကွက် ၉ ခုမှ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌက ပေါင်းစပ်ညှိနှိုင်း  ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)