မော်လမြိုင် အောက်တိုဘာ ၅
မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း၊ ရတနာမွန်ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မော်လမြိုင်မြို့နယ်မှ ဆရာ/ဆရာမများက “တို့ဆရာ” တေးသီချင်းဖြင့် အခမ်းအနားအား ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သောစုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အသီးသီးဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီး မော်လမြိုင်မြို့နယ်မှ ဆရာ၊ ဆရာမများက “မြတ်ဆရာ” တေးသီချင်းဖြင့် သီဆို ဂုဏ်ပြုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို “ပညာရေးပြုပြင်ပြောင်းလဲမှုဆရာများကအစပြု” ဆောင်ပုဒ်နှင့်အညီ ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)