မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့ညနေ ၄ နာရီက တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာတွင် အမှတ်(၂)ရပ်ကွက် မိုင်းယောင်း-မိုင်းယုလမ်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေ ၂၅ ဒဿမ ၅ သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် အလျား ၃၄ ပေ၊ အကျယ် ငါးပေ၊ အမြင့် ငါးပေရှိ တံတားတည်ဆောက်နေမှုအား ပြည်သူလူထု၏ဆန္ဒနှင့် လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပြီး တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း