မိုင်းတုံ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစာနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉:၀၀နာရီ အချိန်က အ.ထ.ကမိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၃၇)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်က နိုင်ငံတော်၏ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးကဏ္ဍတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအချက် ပါဝင်သည့်အတွက် လူငယ်များ ဦးဆောင်ဆွေးနွေးသည့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အားကစာနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဦးကျော်ဇင်လတ်က ဗလငါးတန်နှင့်ပတ်သက်ပြီး အကျယ်တစ်ဝန်း ရှင်းလင်းပြီးနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ Grade-10ကျောင်းသူ မမာမာထားက “ဂျပန်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10ကျောင်းသူ သျှမ်းသျှမ်းထက်အောင်က “လူငယ်နှင့်ပညာရေးစနစ်”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10ကျောင်းသား မောင်ကောင်းဆက်ဟိန်းက “ကျန်းမာရေးနှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10ကျောင်းသား မောင်အောင်သိန်းမင်းက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10ကျောင်းသား မောင်ကောင်းခန့်မော်က “ပတ်ဝန်းကျင်နှင့်အမှိုက်ပစ်စနစ်” ခေါင်းစဉ်ဖြင့် လည်းကောင်း Grade-10ကျောင်းသူ မဆောင်းသဇင်က “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများထဲမှ မောင်နေလင်း၊ မအေကဗျာ၊ မောင်သော်ဇင်အုန်း ၊မောင်ဟိန်းဇော်အောင်၊ မောင်မိုးကျော်နှင့် မောင်ကျော်လွင်တို့က သိရှိလိုသည်များမေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများနှင့် တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည် ဖြေကြားပေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)