၂၀၂၃-ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်မြတ်ဆရာပူဇော်ပွဲ ကျင်းပ

သုံးခွ အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ် သက်ပြည့်ပင်စင်ယူသွားကြသော အသက်(၇၀)နှစ်အထက်  ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယ​နေ့နံနက် (၁၀)နာရီခွဲအချိန်က  အ.ထ.က‌ (၁) ‌ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝ​​ဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ဖတ်ကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး  ဦးဌေးနိုင်က  ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏  အဖွဲ့ခေါင်းဆောင်များက ပေးပို့သောစုပေါင်းသဝဏ်လွှာကို ဖတ်ကြားရာတွင် ယနေ့ခေတ်တွင် လျင်မြန်စွာ ပြောင်းလဲနေသော လူ့အဖွဲ့အစည်းအတွက် လိုအပ်သောပြောင်းလဲမှုကိုဖြစ်စေသည့် ဆီလျော်ပြီး ဆန်းသစ်သော သင်ကြားနည်းပညာများကို သင်ယူသူများအတွက် အဆင်သင့်ဖြစ်စေရန်လိုအပ်ပါကြောင်း၊ ဆရာများသည် အရေးပါသော မဏ္ဍိုင်များထဲမှ တစ်ခုဖြစ်သည့်အတွက် ဤအရေးပါသောပြောင်းလဲမှုသည် ဆရာ၊ ဆရာမများအပေါ်တွင် မူတည်နေပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင်နှင့် တာဝန်ရှိသူများက ဆရာကြီး၊ ဆရာမကြီး (၆၃)ဦးအား ကန်တော့ခံပစ္စည်းများကို တစ်ဦးချင်းစီပေးအပ်ဂါရဝပြုခဲ့ကြောင်း သိရသည်။ မြတ်ဆရာပူဇော်ပွဲသို့ တက်ရောက်လာသည့် ကန်တော့ခံဆရာကြီးတစ်ဦးမှလည်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

မြတ်ဆရာပူဇော်ပွဲခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ပညာသင်ကြားပေးခဲ့ကြသော ကန်တော့ခံ (အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီးများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် လက်ထောက်ပညာရေးမှူးများ၊ မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ပညာရေးဝန်ထမ်းများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)