ညောင်ဦး အောက်တိုဘာ ၅
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ် ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(မြို့မ) စုပေါင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားကျောင်းသူများ စိတ်ဓာတ်စည်းကမ်း ပညာကောင်းမွန်ရေးကို အလေးထားကြိုးစားကြ စေလိုကြောင်း ပညာတတ် လူတော်လူကောင်းများပေါ်ထွန်းလာမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသောနိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ် ကြောင်းပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုခေါင်းစဉ်ဖြင့် Social Median များပေါ်တွင် သတင်းတု၊သတင်းမှားများခွဲခြမ်းစိတ်ဖြာ၍ သတင်းအဆိပ်အတောက်မဖြစ်စေရေး ဟောပြောကာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)က လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဇင်ယုခိုင်(စာကြည့်တိုက်မှူး)မှ စာကြည့်တိုက် များနှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်တို့ဖြင့်လည်းကောင်းအသီးသီး ပညာပေးဟောပြေ ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ကျောင်းသားကျောင်းသူများအား စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်းများပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်းသိရသည်။
ဒီပါလင်း