မြောက်ဥက္ကလာပ အောက်တိုဘာ ၅
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့် ရသစာပေများကို သိရှိထားရန်လိုအပ်ကြောင်း၊ မြို့နယ်အားကစားမှူး ဦးအောင်နိုင်ဦးက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် ဟောပြောရာတွင် အားကစား၏အဓိပ္ပါယ်၊ အားကစားနည်းအမျိုးမျိုးအကြောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် ဟောပြောရာတွင် မူးယစ်ဆေးဝါးစတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် ဆိုးကျိုးအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး အ.ထ.က(၂)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်တင်မာလွင်က လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့် အသီးသီးဟောပြာခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အမျိုးသမီးများ သိထားသင့်သည့် မှုခင်းကာကွယ်ရေး အသိပညာပေး၊ လူကုန်ကူးမှု အသိပညာပေး၊ အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးအသိပညာပေး စသည့်နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)