မန္တလေး အောက်တိုဘာ ၂၀
နဝမအကြိမ်မြောက် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ နဂါးရပ်ကွက်သစ်၊ မြင်းတန်းရပ်ကွက်တို့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန် ၄ ပြည်၊ ဆီက ၅၀ သား၊ အာလူး ၅၀ သား၊ ကြက်သွန် ၅၀ သား၊ ကြက်ဥ ၅ လုံး၊ ဘိုစားပဲသီး၊ ကန်စွန်းရွက်၊ ချည်ပေါင်ရွက်၊ ဂေါ်ဖီထုပ်၊ မျှစ်၊ ပဲပြား၊ ခရမ်းသီးများကို အိမ်ထောင်စု ၃၀၀ စာ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို အလှူရှင်များ၏ မတည်လှူဒါန်းမှုဖြင့် သဟပုညကာရီဘုံဆွမ်းလောင်း အသင်းနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေငှရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ကာ ခင်းကျင်းထားသည့် ဟင်းသီးဟင်းရွက်များ ကြိုက်သလောက်ယူစေခြင်းဖြင့် လိုသလောက်သာ ယူဖေးမကူ ကျန်သူအတွက် ချန်ထားဦး အစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ၉ ကြိမ်မြောက်အထိ ရပ်ကွက် ခုနစ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများ အတွက် အိမ်ထောင်စု ၁၇၀၀ ကျော်ဝေငှပြီးဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်