မိုင်းဖြတ်မြို့နယ်၌ မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့)ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မိုင်းဖြတ် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဆေးဘက်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများမှ ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့)ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ယမန်နေ့ နံနက်၁၀နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့) ဆောင်ရွက်ပေးမည့် အစီအစဉ် များနှင့် မိုင်းဖြတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ မည်သူမဆိုသွားရောက်ကုသနိုင်ကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရဲခေါင်က ဆေးကုသမည့်ရက်များ သတ်မှတ်ထားသော်လည်း လာရောက်ကုသသည့် လူနာဦးရေ ပေါ်  မူတည်၍ ကုသမှုရက်များ ကိုတိုး၍ ကုသပေးမည့်အစီအစဉ်များ၊ ဆေးကုသရေးအဖွဲ့တွင် ကုသပေးမည့် ရောဂါ အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးကုသခြင်းလုပ်ငန်းကို ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာလ၇ရက်နေ့မှ ၈ရက်နေ့အထိ ကုသပေးသွားမည်ဖြစ်ပြီး ဆေးကုသရေးအစီအစဉ်တွင် ပါဝင်သည့် အထူးကုဆရာဝန်ကြီးများ မှာ နှလုံးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ၊ အရေပြား ရောဂါ၊ အထွေထွေရောဂါ၊ သွေးတိုးရောဂါ၊ အရိုး၊ အကြော၊ အဆစ်ရောင်ရောဂါ၊ ဦးနှောက်နှင့်အာရုံကြော၊ ဦးနှောက်နှင့်အာရုဏ်ကြောခွဲစိတ်ခြင်းတို့ကို (အခမဲ့) ကုသပေးသွားမည်ဖြစ်ပြီး ဆေးကုသမှုခံယူကြမည့် မိဘ ပြည်သူများအနေဖြင့် ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးကို မိမိတို့၏အစီအစဉ်များဖြင့် သွားရောက်ကုသရမည်ဖြစ်သည်။ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးကုသမှုများဆောင်ရွက်လိုပါက ဖုန်း၊ ၀၉၄၂၈၂၂၄၆၈၁၊ ၀၉၄၅၁၉၂၀၀၃၃၊ ၀၉၄၂၆၁၃၅၃၆၅ သို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)