မိုင်းယုမြို့၊ ရပ်ကွက်/ကျေးရွာများသို့ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်များ ကွင်းဆင်းထုတ်ပေး

မိုင်းယု အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အာဝန်ကြီးဌာနမှ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UIDနံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်၌ စာရင်းကောက်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မိုင်းယုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ပြည်စိုးနှင့် မိုင်းယောင်းမြို့နယ်ရုံးမှ ဝန်ထမ်းများက မိုင်းယုမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၁၀)နှစ်နှင့်အထက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ရှိသည့် ဝန်ထမ်းမိသားစုဝင်များအား ကွန်ပျူတာမှ မတူညီသည့် ဂဏန်းဆယ်လုံး(Unique Identity)နံပါတ်ထုတ်ပေးနိုင်ရေးအတွက် Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်းကို စတင်ဆောင်ရွက်ခဲ့ကြသည်။

UID သည် နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နိုင်ငံအတွင်း အသက်(၁၀)နှစ်နှင့် အထက်ရှိသူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ရသူ(PR)နှင့် ပြည်တွင်းအမြဲနေအခွန်ဆောင်နိုင်ငံခြားသားများအပါအဝင် နိုင်ငံအတွင်း နေထိုင်သူအားလုံးကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ UID နံပါတ်ကိုင်ဆောင်သူများအနက် နိုင်ငံသားများနှင့် နိုင်ငံသားဖြစ်ရန် အရည်အချင်းရှိသူများအား National ID (NID) Smart Card ထုတ်ပေးခြင်းကို နောက်တစ်ဆင့်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ “e-ID စနစ်ဖြင့် လူမှုစီးပွားဘဝအဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ e-Government Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ SIMကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်နှင့် ယာဉ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာလျှောက်ထားနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း လက်ကမ်းစာစောင်များအရ သိရသည်။

ကိုကိုနိုင်