နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာပေချစ်မြတ်နိုးသူ Clubအသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်

နောင်ချို အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူClubအသင်းများ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသည့် “ လူကြီးလူငယ် ကွာဟမှု ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း BookClubအဖွဲ့ဥက္ကဌ ဦးပေါင်ခန့်လန်က “သည်းခံခြင်းယဉ်ကျေးမှု ထွန်းကားတဲ့လူမျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Clubအဖွဲ့ဝင် ဦးမြို့ကျော်က “အရေးကြီးရင် သွေးနီးကြပါတယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးတင်အောင်သိန်းက “လူကြီးလူငယ်ကွာဟမှု”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့ဝင် မောင်မင်းသူအောင်က “ ဒီခေတ် ဟိုခေတ် ကျောင်းသားဘဝ" ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Club အဖွဲ့ဝင်များနှင့် အပြန်အလှန်ဗဟုသုတများ မျှဝေခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) အဖွဲ့များနှင့် ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)