မော်လမြိုင် အောက်တိုဘာ ၅
မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ကြမ်းတွေကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်လာနိုင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုနယ်မြေရှိ ငွေမိုးကွန်ကရစ်ဘိလပ်မြေဖျော် စက်ရုံအစည်းအဝေးခန်းမဆောင်တွင် ကျောက်တန်းစက်မှုနယ်မြေ၊ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ စက်ရုံအစည်းအဝေးခန်းမဆောင်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်ဦးတည်ချက်တွေနဲ့အညီ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်း အလားအလာကောင်းတဲ့ ဒေသထွက်ကုန်ကြမ်းတွေ ထုတ်လုပ်ခြင်းနဲ့ စက်မှုလုပ်ငန်းတွေ ဒေသထွက်ကုန်တွေကို တန်ဖိုးမြင့်ထုတ်လုပ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေးရေရှည်အကျိုးဖြစ်ထွန်းမှုကို ရှေးရှုတဲ့ စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဟန်ချက်ညီစေဖို့အတွက် MSMEs လုပ်ငန်းတွေကို အဓိကဆောင်ရွက်ကြဖို့ လိုအပ်သလို စက်ရုံ၊ အလုပ်ရုံတွေကိုလည်း နည်းပညာများပံ့ပိုးရေး၊ ရင်းနှီးမြှုပ်နှံမှုများရရှိရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့အတွက်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားရေရိက္ခာဖူလုံမှုရှိစေရေး၊ ဒေသထွက်ကုန်များ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရေးနဲ့ ထုတ်ကုန်အရည်အသွေး မြင့်မားလာခြင်းဖြင့် ဈေးကွက်ပိုမို ရရှိလာစေရေးတို့အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာရေးနဲ့ ပြည်တွင်းပြည်ပဈေးကွက်အခိုင်အမာရရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်တန်းစက်မှုနယ်မြေဥက္ကဋ္ဌက စက်မှုနယ်မြေအတွင်း ထုတ်ကုန်လုပ်ငန်းများ ထုတ်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျောက်တန်းစက်မှုနယ်မြေ၊ စက်မှု၊ လက်မှုလုပ်ငန်းရှင်တွေက စက်မှုနယ်မြေအတွင်း လိုအပ်ချက်တွေ တင်ပြခဲ့ကြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် စက်မှုနယ်မြေအတွင်း ငွေမိုးကွန်ကရစ်ဘိလပ်မြေစက်ရုံ ကွန်ကရစ်ဘိလပ်မြေဖျော်လုပ်ငန်းများ၊ ၎င်းကွန်ကရစ် ဘိလပ်မြေများအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ကိုလှထွန်း(ငရုပ်သီးမှုန့်)အမှုန့်မျိုးစုံလုပ်ငန်း၊ ဒေသထွက်စားသောက်ကုန်ထုတ်အမှုန့်လုပ်ငန်းတွေကို ပြည်နယ်တွင်းအပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များအပါအဝင် ထိုင်းနိုင်ငံကို ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ဖြန့်ချိဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး မွန်ပြည်နယ်ရဲ့ အဓိကနဲ့အများဆုံး ဒေသတွင်းထွက်ကုန်ဖြစ်တဲ့ မြန်မာ့ရော်ဘာကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံကို နိုင်ငံခြားဝင်ငွေရရှိစေရေး ထုတ်လုပ်ဆောင်ရွက်နေတဲ့ M Rubber ကုမ္ပဏီလီမိတက်၏ ပြည်နယ်အတွင်းရော်ဘာကုန်ကြမ်းများမှ ကုန်ချောထုတ်လုပ်ပြီး ပြည်တွင်းပို့ကုန် ထုတ်လုပ်ဆောင်ရွက်နေသော လုပ်ငန်းအဆင့်ဆင့်တို့ကိုကြည့်ရှုပြီး နိုင်ငံတကာကို မိမိတို့တင်သွင်းနေတဲ့ ရာဘာပြားတွေကို နိုင်ငံတကာမှအဆင့်မီ အသိအမှတ်ပြုလာစေရေး ပြည်နယ်အတွင်း ရော်ဘာထွက်ကုန်တွေ ပြည်တွင်း၊ ပြည်ပကို တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ကျောက်တန်းစက်မှုနယ်မြေအတွင်းရှိ ရွှေဝါမြေဝဥ အခြောက်ခံစက်ရုံကိုရောက်ရှိခဲ့ကြပြီး ပြည်နယ်အတွင်းထွက်ရှိတဲ့ ဝဥတွေကို အစို၊ အခြောက်ခွဲခြမ်းတဲ့ နည်းပညာ ပြည်တွင်းအပြင်၊ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံကို ပြည်ပ ပို့ကုန်အဖြစ် ထုတ်လုပ်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံခြားဝင်ငွေရရှိစေရေး၊ သွင်းကုန်အစားထိုး ထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်