အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဒသမအစည်းအဝေးကျင်းပ

ရန်ကုန်  အောက်တိုဘာလ  ၅

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဒသမအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများသီတင်းသုံးတော်မူရာမဟာနာယက ကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ(ကျောက်မဲဆရာတော်)ကဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ(ရွှေဘိုဆရာတော်)က ဆောင်ရွက်သည်။

အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသော ဂါထာကို ၃ ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ဒုတိယဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ(ကျောက်မဲ ဆရာတော်)က သြဝါဒကထာ မြွတ်ကြားသည်။

ထို့နောက်အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ်နဝမအစည်းအဝေးမှတ်တမ်း (ဒု-ဆဋ္ဌ ၉/၂၀၂၃)ကို ဖတ်ကြားအတည်ပြုကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့်အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ်ရွတ်ဆို ဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တာဝန်ကျ(ဒုတိယအဖွဲ့ခွဲ)ဒုတိယဥက္ကဋ္ဌ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ(ကံမဆရာတော်)မှတစ်ပါး ကျန်ဆရာတော် ၁၄ ပါး တက်ရောက်ကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့‌ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)