ရန်ကုန် အောက်တိုဘာ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အ.ထ.က (၄) ကျောင်းရှိ Community Based Facility Quarantine Centre တွင် ကန့်သတ် စောင့်ကြည့်ထားသူများထဲမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် ပိုးမတွေ့ရှိသူ (၁၈) ဦးအား မိမိတို့ နေအိမ်များတွင် Home Quarantine အဖြစ် တစ်ပတ်ဆက်လက်နေထိုင်ရေးတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသူ(၁၈)ဦးအား Home Quarantine အဖြစ် တစ်ပတ်နေထိုင်ရာ တွင် လိုက်နာရမည့် အချက်များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အေးအေးသိန်းနှင့် ဧရာဝတီတိုင်းမှ စေတနာ့ဝန်ထမ်း လာရောက်ဆောင်ရွက်သူ ကျန်းမာရေးမှူး ဦးပုလဲစိန်တို့က စနစ်တကျ လမ်းညွှန်မှာကြားပေးခဲ့ပြီး သက်ဆိုင်ရာ နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ထို့နောက် အဆိုပါ Quarantine Centre များတွင် လစ်လပ်သွားသော နေရာများအား Primary Contact များ ဆက်လက်ထားရှိနိုင်ရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအား မြို့နယ်ကြက်ခြေနီအသင်းနှင့် စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)