ပန်းဘဲတန်း အောက်တိုဘာ ၅
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို အကျိုးရှိထိရောက်စွာအသုံးချတတ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁ဝ)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမြတ်ဆရာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပန်းဘဲတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဦးဆန်းကြည်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ပန်းဘဲတန်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များအနေဖြင့် ဗဟုသုတရရှိသောစာပေများကို စဥ်ဆက်မပြတ်လေ့လာဆည်းပူးနိုင်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့်ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းဘဲတန်းမြို့နယ်မှ ဦးစီးအရာရှိဒေါ်ဦးဆန်းကြည်နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမဒေါ်အေးအေးထွန်းတို့က Moderator အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများဖြစ်သော အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေးအစရှိသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဆွေးနွေးသူများမှပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းဘဲတန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးစိုးဇေယျာငြိမ်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဦးဆန်းကြည်