မြစ်ကြီးနား အောက်တိုဘာ ၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံအပါအဝင် ဆေးရုံများတွင် အသစ်တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသစ်ခန့်အပ်တာဝန်ပေးအပ်သော လက်ထောက် ဆရာဝန် (၉) ဦးအား အောက်တိုဘာ ၄ ရက်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့တာဝန်ထမ်းဆောင်ရန် ပြည်နယ်သို့ရောက်ရှိလာကြသော လက်ထောက်ဆရာဝန်များအနေဖြင့် မည်သည့်ဒေသမှလာရောက် သည်ဖြစ်စေ မိမိတာဝန်ကျရာဒေသအတွင်းနေထိုင်သည့် ပြည်သူများအပေါ် တစ်သွေးတစ်သားတည်း၊ ညီအရင်းအစ်ကို မောင်နှမများကဲ့သို့ သဘောထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေးပြည့်မီစွာပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် ပြည်နယ်သို့ ကျန်းမာရေးဝန်ဆောင်မှုများပေးရန် ရောက်ရှိတာဝန်ထမ်းဆောင်ခြင်းအတွက်လည်း များစွာကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသော လက်ထောက်ဆရာဝန်(၉)ဦးမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ထောက်ဆရာဝန် တစ်ဦးလျှင် ငွေကျပ်(၃)သိန်းစီ လက်ထောက်ဆရာဝန်(၉)ဦးအတွက် စုစုပေါင်းငွေကျပ်(၂၇)သိန်းအား ထောက်ပံ့ပေးအပ်ရာ လက်ထောက်ဆရာဝန်(၁)ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေး အမှတ်စဥ် (၂/၂၀၂၃) အား ပြည်နယ်စီမံခန့်ခွဲရေး ကော်မတီဝင်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီတွင် ပါဝင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘောထားမှတ်ချက်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆွေးနွေးကြရန်လိုကြောင်း၊ ဒေသခံကိုယ်စားလှယ်အဖြစ်ပါဝင်သော ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှု၍ ဝိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်ကော်မတီသို့ လျှောက်ထားတင်ပြလာသည့် ပြည်နယ်အတွင်းရှိမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်းအတွက် ပုံစံ-၁ ဖြင့်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် ပုံစံ-၂ ဖြင့်လည်းကောင်း၊ အစိုးရက ခွင့်ပြုသော ဥပဒေနှင့် ညီညွှတ်သည့် အခြားလုပ်ငန်းများအတွက် ပုံစံ-၄ ဖြင့်လည်းကောင်း တင်ပြလျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီသို့ ထောက်ခံတင်ပြရမည့် ကိစ္စရပ်များနှင့် ပြည်နယ်ကော်မတီမှ ဆုံးဖြတ်ပေးရမည့် ကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစာတွဲ (၁)ခုချင်းအလိုက် အဖွဲ့ဝင်များနှင့်အတူ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဗဟိုကော်မတီ၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အလားတူယမန်နေ့ညနေပိုင်းက ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပူတာအိုဒေသ ဝမ်းစာဖူလုံရေးနှင့် လျှပ်စစ်မီးလုံလောက်စွာရရှိရေးအတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပူတာအိုဒေသရှိ ရပ်မိရပ်ဖများနှင့်အတူ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသအတွင်း လူဦးရေတိုးတက်လာသည်နှင့်အမျှ ဝမ်းစာဖူလုံရေးအတွက် လက်ရှိ ၁၈ တန်ကျ ဆန်စက်အပြင် လျှပ်စစ်မီးလုံလောက်စွာ ရရှိပါက ၄၀ တန်ကျ ဆန်စက်တိုးမြှင့်တည်ဆောက်နိုင်ရေး၊ ဆန်စပါးအပြင် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံ၊ ဆေးရုံ၊ စာသင်ကျောင်းများနှင့် ဟိုတယ်အဆောက်အဦများ၊ ရပ်ကွက်၊ကျေးရွာများအထိ လျှပ်စစ်မီးလုံလောက်စွာရရှိရေးအတွက် ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ဝိုင်းဝန်းဆွေးနွေးကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံရပ်မိရပ်ဖများက ပူတာအိုမြို့နယ်အတွင်း လျှပ်စစ်မီးအချိန်ပြည့်လုံလောက်ပြည့်ဝစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တစ်ခုအဖြစ် နမ့်ထွမ်ခူးကျေးရွာအတွင်းရှိ နမ့်ထွမ်ချောင်းရေဖြင့် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်နိုင်ရေး၊ ဒေသအစီအစဉ်ဖြင့် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်သွားမည့် အစီအစဉ်များ၊ အဆိုပါချောင်းရေမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပါက ၃ မီဂါဝပ်ထွက်ရှိနိုင်မည့် အခြေအနေများ၊ ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ် နှစ်ခုအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး နိုင်ငံတော်အစိုးရမှလည်း မူလာချောင်းပေါ်တွင် (၈ ဒဿမ ၁) မီဂါဝပ်ထွက်ရှိမည့် ရေအား လျှပ်စစ်စက်ရုံတည်ဆောက်နိုင်ရေးနှင့် လျှပ်စစ်မီးလုံလောက်စွာရရှိပါက ပူတာအိုဒေသဝမ်းစာဖူလုံ ရေးအတွက် ၄၀ တန်ကျ ဆန်စက် တည်ဆောက်လည်ပတ်နိုင်ရေး၊ မူလာချောင်း ဆည်မြောင်းမှ စိုက်ပျိုးရေ ရရှိရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)