၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ကော်မရှင်အဖွဲ့ဝင်တို့အား လုပ်ငန်းစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

မန္တလေး၊ အောက်တိုဘာ  ၂၀

မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များအား လုပ်ငန်းစွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့ နံနက် ၉နာရီခွဲက အထက(၁၃)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်(၁၉)ရောဂါ ကူးစက်မှု ကာကယ်ထိန်းချုပ်ရေးကာလဖြစ်သဖြင့် မဟာအောင်မြေမြို့ နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသည် မြို့နယ်အတွင်း ဆောင်ရွက်မည့် မဲရုံ (၈၄)ရုံတွင် တာဝန်ယူဆောင်ရွက်မည့် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် (၈၄)ဦးအား အောက်တိုဘာလ (၁၉)ရက်နေ့တွင် လည်းကောင်း၊ မဲရုံမှူး (၈၄)ဦးအား အောက်တိုဘာလ (၂၀)ရက်နေ့တွင်လည်းကောင်း၊ ဒုတိယမဲရုံမှူး (၈၄)ဦးအား အောက်တိုဘာလ (၂၁)ရက်နေ့တွင် လည်းကောင်း တစ်ဖွဲ့လျှင် အတန်း(၃)တန်းခွဲကာ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းစွမ်းရည်မြှင့်သင်တန်းတွင် ရပ်ကွက်ကော်မရှင် အဖွဲ့ဝင်များနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးတို့၏ လုပ်ပိုင်ခွင့်နှင့် တာဝန်၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် မဲရုံ သရုပ်ပြခြင်းတို့ကို သင်ကြားပြသခဲ့သည်။
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၌ ရပ်ကွက် (၁၈)ရပ်ကွက်တွင် မဲရုံပေါင်း (၈၄)ရုံ ထားရှိသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ (၁၆၃၀၀၀)ခန့် ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်