ချင်းရွှေဟော် အောက်တိုဘာ ၅
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ပြည်သူ့ဆေးရုံသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၃ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဆေးရုံအဆောက်အအုံများ အသုံးပြုမှုအခြေအနေနှင့် ဆေးရုံ၏ ဌာနစိတ်အသီးသီးကို ကြည့်ရှုခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ အကောင်အထည်ဖော်၍ ဆေးရုံ၏စီမံခန့်ခွဲမှုများကို အားကောင်းစေကာ ဆေးရုံ၏ပတ်ဝန်းကျင် သန့်ရှင်းရေးကို အလေးထားရန်၊ ဆေးရုံ၏ ပတ်ဝန်းကျင် ဘေးကင်းမှုနှင့် သန့်ရှင်းမှုကို အလေးပေးဆောင်ရွက်ပြီး ကုသမှုခံယူနေသော လူနာများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် အလေးထား ဆောင်ရွက်သင့်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် သင်ယူမှုနှင့် လေ့ကျင့်မှု အားကောင်းလာစေရန်၊ မိမိတို့၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ်တိုးတက်လာစေရန်၊ နိုင်ငံတော်နှင့် ဒေသဆိုင်ရာ ကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ချင်းရွှေဟော်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်က ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော လူနာများအား သွားရောက်ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
စည်သူမောင်မောင်(ပြန်/ဆက်)