စစ်တွေ အောက်တိုဘာ ၄
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ အုန်းရေဖော်ကျေးရွာဘုန်းတော်ကြီး ကျောင်းဆရာတော်အား ဖူးမြော်ပြီး ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော သာသနိကအဆောက်အဦများ ပြုပြင်ပြီးစီးမှုနှင့် လိုအပ်ချက်များကို လျှောက်ထားကာ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုန်းရေဖော်ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အုန်းရေဖော်ကျေးရွာသည် ယခင်ကရေလမ်း ဖြင့်သာ သွားလာနေရသော်လည်း ယခုအခါတံတားတည်ဆောက်ပြီး လမ်းများစနစ်တကျ ဖောက်လုပ်ထားခြင်း၊ လျှပ်စစ်မီးများသွယ်တန်းထားခြင်းကြောင့် ယခင်ထက်ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ ကျေးရွာတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့တစ်ခုတည်း ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ မိမိတို့ဒေသသည်တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိရပ်ရွာတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိုခါမုန်တိုင်းကာလတွင်လည်း အုန်းရေဖော်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများသည် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် မုန်တိုင်းကာလကို ဖြတ်ကျော်နိုင်ခဲ့ကြကြောင်း၊ မုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံခဲ့ရသော်လည်း ယခုအခါပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည်ကိုတွေ့ရ၍ ဝမ်းမြောက်မိပါကြောင်း၊ အုန်းရေဖော်ကျေးရွာတွင် ဒေသကိုအထောက်အကူပြုနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများရှိပါကြောင်း၊ ထို့ပြင် ကျေးရွာမှ ပုစွန်ခြောက်များ ထုတ်လုပ်နိုင်သည့်အတွက် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်သည်နှင့်အမျှ ကျေးရွာတိုးတက်လာမည်ဖြစ်ကြောင်း၊ လိုအပ်သည်များရှိပါကလည်း မိမိတို့အစိုးရအဖွဲ့က ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာသူ၊ ကျေးရွာသားများကလည်း မိမိတို့ရပ်ရွာ၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးကပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျေးရွာသူ၊ ကျေးရွာသားများ အတွက် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ငါးဖမ်း ကိရိယာများကို ပေးအပ်ကြပြီး ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ကျေးရွာသူ၊ ကျေးရွာသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာအတွင်း သောက်သုံးရေကောင်းမွန်စွာ ရရှိရေး၊ ရွာတွင်းလမ်းများကောင်းမွန်ရေး၊ ကျေးရွာအတွင်းတစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေမှု၊ ပုစွန်ခြောက်များ ထုတ်လုပ်ရောင်းချနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် UNDP မှ ကျေးရွာသူ၊ ကျေးရွာသားများအား စူပါဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုကြကာ လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေပိုက်လိုင်းစီမံကိန်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည့် လူမှုရေးတာဝန်သိမှု(CSR) လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြနိုင်ရေးအတွက် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာနှင့်အဖွဲ့အား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီတာဝန်ရှိသူများမှ ဆောင်ရွက်ရန်လျာ ထားသည့် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများ၊ လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများလုပ် ဆောင်ရာတွင် ပြည်နယ်အတွင်းရှိမြို့နယ်များအားလုံးအတွက် ဆောင်ရွက်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေးအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထာက်အကူပြုနိုင်သော လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)