ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာမှ ဇွန်ပန်း၊ စံပယ်ပန်းနှင့် ဆောင်းစံပယ်ပန်း စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ကျောက်ဆည်   အောက်တိုဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိကထားစိုက်ပျိုးကြသော်လည်း တောင်သူတစ်ချို့သည် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညှင်း၊ ခရမ်း၊ ရုံးပတီနှင့် ပန်းအမျိုးမျိုးစိုက်ပျိုးရောင်းချလျက်ရှိရာ ပြည်ပန်းကျေးရွာရှိ ဇွန်ပန်းနှင့်စံပယ်ပန်း စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ဇွန်ပန်းနှင့်စပယ်ပန်းများ စိုက်ပျိုးရောင်းချရာတွင် လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် အလင်းရောင် ကောင်းစွာရရှိစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၀)ပေခန့်အကွာ စိုက်ပျိုးရကြောင်းနှင့် ဇွန်ပန်းများသည် တန်ခူးလမှတော်သလင်းလအထိနေ့စဉ်ပွင့်ပြီး ဇွန်ပန်း(၆၀)ပင်စိုက်ပျိုးထားပါကတစ်ရက်ဝင်ငွေမှာ ငွေကျပ်တစ်သောင်းမှ လေးသောင်းကျပ်အထိရရှိကြောင်း၊ စံပယ်ပန်းပင်များသည် တပို့တွဲလလယ်မှစ၍တန်ခူးလယ်အထိ နေ့စဉ်ပွင့်ပြီး (၄၅) ပင်စိုက်ပျိုးထားသည့်အတွက် တစ်ရက်ဝင်ငွေမှာ သုံးသောင်းကျပ်မှ လေးသောင်းကျပ်အထိ ရရှိကြောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိသော ပန်းစိုက်တောင်သူ ဦမျိုးမြင့်က ပြောသည်။

သက်မောင်