တောင်သာ အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အောက်တိုဘာလ (၄) ရက်နေ့ နံနက်(၉)နာရီခွဲက စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် အ.လ.က(အနောက်ရပ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး အ.လ.က(အနောက်ရပ်) ကျောင်းမှ Grade-8 ကျောင်းသား မောင်ရဲဘုန်းမာန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသော လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်မှ လူငယ်နှင့်အမှား ခေါင်းစဉ်ကိုဆွေးနွေးရာ အမှားဖြစ်မှာကြောက်၍ ဘာမှမလုပ်ဘဲ မနေရန်၊ အမှားလုပ်မိရင်လျှင်လည်း ဝန်ခံရန်နှင့် အမှားကိုဝန်ခံခြင်းသည် အရေးပါဆုံးသော သိက္ခာရှိသည့် လုပ်ရပ်တစ်ခုဖြစ်ပုံ၊ အောင်မြင်မှုတွေအားလုံးသည် အမှားကရသည့်သင်ခန်းစာများနှင့် တည်ဆောက်ထားပုံ၊ အမှားလုပ်မိပြီး ဝန်ခံခြင်းမရှိပါက အရှုံးများကို လက်ခံရရှိပုံတို့ကို လည်းကောင်း၊ အ.လ.က(အနောက်ရပ်)ကျောင်းမှ Grade-8 ကျောင်းသူ မခိုင်ဇင်သော်က လူငယ်နှင့်တာဝန်သိမှု ခေါင်းစဉ်မှ လူများသည် တစ်ဦးတည်းနေထိုင်လို့မရပုံ၊ အခြားသူတွေအတွက်သာမက မိမိကိုယ်ကိုလည်း အကျိုးပြုကာ နေထိုင်ကြရပုံ၊ အနစ်နာခံတတ်သူများသည် လူ့လောကကောင်းမွန်တိုးတက်စေဖို့အတွက် လုပ်နေကြသူများဖြစ်ပုံ၊ တာဝန်သိသည်နှင့် တာဝန်ယူမှုတွေများပုံ၊ တာဝန်ကျေအောင် ဆောင်ရွက်ရပုံနှင့် ရိုးသားမှုကို အခြေခံဆောင်ရွက်ရပုံတို့ကိုလည်းကောင် အသီးသီး ဆွေးနွေးခဲ့ကြသည်။
ကျော်မျိုးနိုင်(တောင်သာ)