ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် MSME လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အိုးသူကြီး အမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းမှ ဒါရိုက်တာဦးတင်ငြိမ်းဦးနှင့် တွေ့ဆုံမေးမြန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၉)ရပ်ကိုချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကိုချမှတ်ပြီး တွန်းအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့စီးပွားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းထုတ်လုပ်မှု မြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံကာ အရေအသွေးကောင်းမွန်သည့် ကုန်ချောများထုတ်လုပ်သည် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားလုပ်ငန်းလုပ်ငန်းတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ “အိုးသူကြီး” အမှတ်တံဆိပ် အခြေခံစားသောက်ကုန်လုပ်ငန်း (Great Arian Development Co.,Ltd) ၏ ဒါရိုက်တာ ဦးတင်ငြိမ်းဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်။

မေး။   “အိုးသူကြီး အခြေခံစာသောက်ကုန်လုပ်ငန်းကို စတင်တည်ထောင်ဖြစ်ခဲ့ပုံကို သိပါရစေ။

ဖြေ။    ဟုတ်ကဲ့၊ ကျွန်တော်တို့လုပ်ငန်းက သိပ်မကြာသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကမှ ထုတ်လုပ်ခဲ့တဲ့ အတွက် ၁ နှစ်သက်တမ်းပဲ ရှိပါသေးတယ်။

မေး။   လုပ်ငန်းအတွက် လိုအပ်တဲ့ကုန်ကြမ်းတွေကို ဘယ်ဒေသတွေက ရပါသလဲ။

ဖြေ။    ကျွန်တော်တို့ ထုတ်လုပ်တဲ့ ကုန်ကြမ်းအများစုကတော့ အဓိကအားဖြင့် ရခိုင်ဒေသက ကုန် ကြမ်းတွေဖြစ်ပါတယ်။ ဒေသထွက်ကုန်ကြမ်းတွေဖြစ်တယ်၊ စိုက်ပျိုးရေးကို အခြေခံပြီး ထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် တချို့သောထုတ်ကုန်တွေကို ကျွန်တော်တို့ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ခြင်း ဖြစ်ပါတယ်။

မေး။   ကုန်ချောအမျိုးအစား ဘယ်နှစ်မျိုးထုတ်လုပ်ပါသလဲ။

ဖြေ။    ကျွန်တော်တို့လုပ်တဲ့ ကုန်ချောတွေထဲမှာ ငရုတ်သီးမှုန့်အမျိုးမျိုး၊ မာဆလာ၊ ထမင်းနဲ့နယ် စားတဲ့ ထမင်းသုပ်အထုပ်တွေ၊ အနှစ်ဘူးတွေထုတ်လုပ်ပါတယ်။ ဒါ့အပြင် ပဲဆီစတဲ့ စားသောက်ကုန် တွေလည်း စမ်းသပ်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။

မေး။   ဒီထုတ်ကုန်တွေကို ဘယ်ဒေသတွေကို ပို့ဆောင်ဖြန့်ဖြူးနေပါသလဲ။ ရခိုင်ပြည်နယ်အပြင် အခြားဒေသတွေရှိရင်ပြောပြပေးပါ။

ဖြေ။    ထုတ်ကုန်တွေကို ဒေသအတွင်းသာမက ပြည်ပကိုထုတ်ဖို့အထိ၊ ပြည်ပပို့ကုန်အဖြစ် စံမီအောင်၊ စားသောက်ကုန် စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင်ထုတ်လုပ်ဖို့ စတင်လုပ်ဆောင်နေဆဲမှာပဲ မမျှော်လင့်ဘဲ မိုခါဆိုင်ကလုန်း တိုက်ခတ်ခဲ့တဲ့အတွက် ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ အားနည်းသွားတယ်လို့ ပြောရမယ်။

မေး။   ဆရာတို့ လုပ်ငန်းတွေကို MSME လုပ်ငန်းအဖြစ်နဲ့ ဆောင်ရွက်မှုတွေကို ပြောပြပေးပါ။

ဖြေ။    MSME အနေနဲ့ပြောရရင် ကျွန်တော်တို့ပြည်နယ်က အခြားသောပြည်နယ်/တိုင်းဒေသကြီးတွေထက် အားနည်းတာကို တွေ့ရပါတယ်။ အထူးသဖြင့် ရခိုင်ဒေသက ရေခံမြေခံကောင်းတယ်။ စိုက်ပျိုးထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကုန်ထုတ်လုပ်မှုက ဒီအချက်တွေနဲ့ဆန့်ကျင်စွာ အားနည်းတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒေသတွင်းထုတ်ကုန်တွေကိုထုတ်လုပ်တဲ့အခါ ကိုယ့်ဒေသမှာရှိတဲ့ တောင်သူတွေလည်း ပိုပြီးတော့ စိုက်ပျိုးထုတ်လုပ်နိုင်အောင် ဒီစက်ရုံကို တည်ထောင်ပြီးတော့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မေး။   ထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ ဈေးနှုန်းတွေကိုလည်း သိပါရစေ။

ဖြေ။    ဟုတ်ကဲ့။ ဈေးနှုန်းတွေအနေနဲ့ကတော့ ထုတ်ကုန်အရွယ်အစားအလိုက် အမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် ထုတ်ကုန်အားလုံးဟာ စားသောက်ကုန်ဖြစ်တဲ့အတွက် စံချိန်စံညွှန်းကောင်းမွန်အောင် အထူးထုတ်လုပ်ထားပြီး သာမန်ပြည်သူတွေ စားသုံးနိုင်အောင် ဈေးနှုန်းသတ်မှတ်ကာ ရောင်းချတာဖြစ်ပါတယ်။

မေး။   ထုတ်ကုန်တွေကို ပြည်ပနိုင်ငံကို ပို့ခဲ့တာရှိပါသလား။

ဖြေ။    ပြည်ပနိုင်ငံကို ပို့တာမရှိသေးပါဘူး။ ပို့ဖို့ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ရခိုင်ပြည်နယ်က တစ်ဖက်မှာ Market အရ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့နိုင်ငံရှိပါတယ်။ သူတို့ဘက်ကလည်း ကျွန်တော်တို့ဘက်က ထုတ်ကုန်တွေကို စိတ်ဝင်စားပြီး လာရောက်ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ထုတ်လုပ်ရောင်းချတဲ့အဆင့်အထိတော့ မရောက်သေးပါဘူး။

မေး။   လက်ရှိနိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေးဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် “အိုးသူကြီး” လုပ်ငန်းက ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။    ကျွန်တော်တို့ ထုတ်ကုန်တွေက ငရုတ်သီးဆိုလည်း ကိုယ်တိုင်စိုက်ပါတယ်။ အခြားသော သီးနှံတွေကိုလည်း လာမယ့်နှစ်မှာ နိုင်ငံတော်အစိုးရရဲ့ အကူအညီကို ရယူပြီးဆောင်ရွက်ဖို့ လျာထားတာလည်း ရှိပါတယ်။ ဒီထုတ်ကုန်တွေဟာ ကိုယ့်ဒေသတွင်းစိုက်တဲ့ ထုတ်ကုန်တွေ ဖြစ်တဲ့အပြင် ထုတ်ကုန်တွေကို အခြောက်လှန်းတဲ့အခါမှာလည်း Solar Dryer လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်အသုံးချတဲ့ တုံးတွေနဲ့ နေလှန်းတဲ့စနစ်နဲ့သွားနေပါတယ်။ ဒီလို လုပ်တဲ့အတွက် မိမိတို့ရဲ့ ထုတ်ကုန်တွေလည်း သန့်ရှင်းမှုရှိတယ်၊ နေလှန်းလိုက်၊ ပြန်သိမ်း လိုက်ဆိုတဲ့ ကြန့်ကြာမှုတွေကိုလည်း ကာကွယ်ပြီးသားဖြစ်တယ်။ အရည်အသွေး၊ အရောင်အဆင်း၊ နောက်ဆုံး ကျေးငှက်တိရစ္ဆာန်တွေရဲ့ အန္တရာယ်တွေကအစ ကာကွယ်ပြီးသား ဖြစ်တဲ့အတွက် ဒီထုတ်ကုန်တွေမှာ မှိုလုံးဝမရှိတဲ့ စားသောက်ကုန်တွေဖြစ်ပါတယ်။ မီးဖိုချောင်သုံး စားသောက်ကုန်ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒီအချက်ကိုတော့ ဂရုစိုက်ပြီးထုတ်လုပ်နေပါတယ်။

မေး။   ထုတ်ကုန်တွေမှာ ငရုတ်သီးမှုန့်၊ မာဆလာတို့အပြင် ဆီရောထုတ်လုပ်မှုရော ရှိပါသလား။

ဖြေ။    ဆီကိုတော့ ပါကင်ထုတ်ပြီးရောင်းတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ကိုယ်တိုင်မကြိတ်နိုင်သေး ပါဘူး။ နောင်ကိုတော့ ဒီဒေသမှာ မြေပဲတွေစိုက်ပြီး ဆီထုတ်လုပ်နိုင်အောင် ကြိုးစားသွားပါမယ်။ လတ်တလောမှာတော့ တခြားဒေသကလာတဲ့ ဆီကိုထုတ်ပိုးမှုစနစ်ကောင်းကောင်းနဲ့ ရောင်းချနေခြင်းဖြစ်ပါတယ်။

မေး။   အိုးသူကြီးလုပ်ငန်းအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့နဲ့ ပြည်တွင်းထုတ်ကုန်အဖြစ် ဆောင်ရွက်လိုတဲ့ ပြည်သူတွေအတွက် အားပေးစကားပြောပေးပါအုံး။

ဖြေ။    ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒေသနေ ပြည်သူတွေ ထိခိုက်ခဲ့ရပါတယ်။ လုပ်ငန်းအများအပြားလည်း ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ အဲဒီအပေါ်မှာ အများစုဟာ ရုန်းကန်နေရပါတယ်။ ပျက်စီးသွားတဲ့ စက်ရုံ၊ ပရဝုဏ်တွေ၊ စက်ပစ္စည်းတွေ အသစ်ပြန်မသုံးနိုင်တဲ့အချိန်မှာ ရှိရင်းအနေအထားက အကောင်းဆုံး နိုးထဖို့လိုပါတယ်။ ဝန်ထမ်းတွေ အလုပ်လက်မဲ့မဖြစ်အောင် တစ်ဖက်မှာပိုပြီး ချိန်ဆပြီး ကြိုးစားဆောင်ရွက်နေပါတယ်။ မကြာခင်အချိန်အတွင်းမှာလည်း နိုင်ငံတော်ရဲ့ပံ့ပိုးမှုနဲ့အတူ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို ဆထက်ထမ်းပိုး အောင်မြင်အောင်၊ ကိုယ့်ဒေသကထုတ်ကုန်တွေကို အဆင့်အတန်းမီတဲ့၊ အရည်အသွေးမီတဲ့ ထုတ်ကုန်တွေကို များစွာထုတ်လုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်သွားပါမယ်။

မေး။   ယခုလိုမေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ ပြောကြားပေးတဲ့ အိုးသူကြီးလုပ်ငန်းမှ ဒါရိုက်တာ ဦးတင်ငြိမ်းဦးကို အထူးကျေးဇူးတင်ပါတယ်။

ဖြေ။    ကျွန်တော်တို့ ကုပ္ပဏီအနေနဲ့ရော လုပ်ငန်းအနေနဲ့ရော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦစီးဌာနကို အထူးကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း  - ဆောင်းဝတီ

ဓာတ်ပုံ -   ခင်ဝင်း (ပြန်/ဆက်)