ဘူးသီးတောင် အောက်တိုဘာ ၄
ဝန်ထမ်းများ အခမ်းအနားမှူးအဖြစ် တာဝန်ထမ်းဆောင်ရာတွင် စနစ်တကျ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ဝန်ထမ်းများအနေဖြင့် အခမ်းအနားများကျင်းပဆောင်ရွက်ရာတွင် အခမ်းနားတစ်ခုလုံးကို အဆင်ပြေပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် အခမ်းနားမှူးကောင်းများ ပေါ်ထွက်လာစေရန်၊ အခမ်းအနားများတွင် အမှားအယွင်းမရှိ စနစ်တကျ အစီအစဉ်အတိုင်း ဆောင်ရွက်တတ်စေရန်နှင့် စကားအသုံးအနှုန်း မှန်ကန်စွာပြောဆိုဆောင်ရွက်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသူများအနေဖြင့် သင်ကြားပို့ချသူနည်းပြများ၏ သင်ကြားပြသပေးမှုအပေါ် စိတ်ဝင်တစားဖြင့် လေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဇံနှင့် ဒုတိယဦးစီးမှူးများ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်တို့က သင်တန်းနည်းပြများအဖြစ် စာတွေ့၊လက်တွေ့ သင်ကြားပေးလျက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အကြီးတန်းစာရေး၊ အငယ်တန်းစာရေးနှင့် စိတ်ပါဝင်စားသူ အမှုထမ်း ဝန်ထမ်း(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကာ သင်တန်း ကာလမှနှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)