ကျောက်ပန်းတောင်းမြို့တွင် ရပ်ကွက်များအလိုက် ဆေးထိုးစုရပ်ဖွင့်လှစ်၍ အသက် (၅) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းများဆောင်ရွက်ပေး

ကျောက်ပန်းတောင်း အောက်တိုဘာ    ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက လွတ်လပ်ရေးရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် (၅) နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များအလိုက် အလှည့်ကျ ဆေင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပိုလီယိုကာကွယ်ဆေး၊ ဝက်သက် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံစို့+ကြက်ညှာ+မေးခိုင်+အသည်းရောင်အသားဝါ+ဦးနှောက်အမြှေးရောင်ရောဂါ) တို့ဖြစ်ပြီး ပိုလီယိုရောဂါ ကာကွယ်ဆေးမှာ အစက်ချတိုက်ဆေးဖြစ်၍ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးကို ဘယ်ဘက်လက်မောင်းကိုထိုးနှံခြင်းဖြစ်ကြောင်း၊ ငါးမျိုးစပ်ကာကွယ်ဆေးမှာ ဘယ်ဘက်ပေါင်တွင် ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ရပ်ကွက်များအတွင်း အပတ်စဉ် အလှည့်ကျ လှည့်လည်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ကလေးငယ်များ သတ်မှတ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်စေရန် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် အခြားဒေသမှ ရောက်ရှိလာသည့်ဧည့်ကလေးငယ်များကိုလည်း ထိုးနှံပေးလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှားနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

(၄၅၆)