မိုးမောက် အောက်တိုဘာ ၂၀
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များ ထုတ်ယူရရှိသည့် အရေအတွက်အတိုင်း ပြည့်/မပြည့်၊ စွန်းထင်း/ စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှု ရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင် ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန် နှင့်ကိုယ်စားလှယ် လောင်းများ၏အမည်၊ အသုံးပြု သင်္ကေတ(Logo)များ မှန်ကန်မှု ရှိ/မရှိတို့အား ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး ဆန္ဒမဲ လက်မှတ်များကို ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)နှင့်အမှတ်(၂) ဆန္ဒမဲလက်မှတ်၊ တိုင်းရင်းသားလွှတ်တော် ဆန္ဒမဲ လက်မှတ်များကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းအုန်းလှိုင်နှင့် အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်များအား စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
လွန်းနန်းထွေး(ပြန်/ဆက်)