လဲချား အောက်တိုဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်( အ-ထ-က )ကျောင်းတွင် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အ-ထ-က(လဲချား) ပုလဲဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များ ဘက်ပေါင်းစုံမှ ထူးချွန်ထက်မြတ်ဖို့ဆိုရင် အတွေ့အကြုံဗဟုသုတများစွာ လိုအပ်ကြောင်း၊ ပြောရဲဆိုရဲပြီး နှုတ်မှုစွမ်းရည်တိုးတက်စေဖို့ စာပေကနေ ဗဟုသုတရရှိပြီး သူငယ်ချင်းအချင်းချင်း အသိပညာမျှဝေတတ်စေရန်၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပါဝင်ဆွေးနွေးရဲသည့် အတွေ့အကြုံနှင့် အသိဥာဏ်ပညာ ရင့်ကျက်လာစေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်မှ အဖွင့်အမှာစကားပြောကြားကာ ကျောင်းသား/သူများမှ စကားဝိုင်းကို ဆွေးနွေးခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် Grade-(11)မှ ကျောင်းသား ဗစ်ဂျမင် က စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသူ နန်းလောဝ်ငင်း က လူငယ်နှင့်ကြီးပွားရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်လှိုင်ဖြိုးအောင် က မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မယွန်းဝတီမင်း က လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက်တက်ရောက်လာသော ကျောင်းသား/သူများ၏ မေးမြန်းမှုများကို ဦးဆောင်ဆွေးနွေးသော ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးနှင့် စကားဝိုင်းပါဝင်ဆွေးနွေးသူ ကျောင်းသား/သူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)