တောင်ဥက္ကလာပမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

တောင်ဥက္ကလာပ အောက်တိုဘာ ၄

နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းရှိ ပတ္တမြားခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း တာဝန်ခံဆရာမကြီး ဒေါ်နှင်းနှင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ကောင်းမွန်ရေးကို အလေးထားကြိုးစားကြစေလိုကြောင်း၊ ပညာတတ် လူတော်၊ လူကောင်းများ ပေါ်ထွန်းလာမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်လေးဇာဇာလှိုင်းမြင့်က အားကစားဆိုတာ ခွန်အားနှင့် ဉာဏ်ရည်ကိုအသုံးချကာ ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ အားကစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာ ကြံခိုင်စေရန်ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၀င် ဦးမြင့်မောင်က “သင်ယူခြင်း အနုပညာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက "လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူဝေ (ကျုံမငေး) က "လူငယ်နှင့်စာရိတ္တ" အသိပညာပေးခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ Book Club အဖွဲ့၀င်များ၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းမှ တာဝန်ခံဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များနှင့်စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)