ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၁၄း၀၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်ကပြောကြားရာတွင် ပြည်သူများစျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီဝယ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျီစု(အရှေ့)ကျေးရွာနှင့် (၆၈)ရပ်ကွက်တို့တွင် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် လိုအပ်သည်များ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့၏ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပေါင်းစပ်ရန်လိုအပ်ပါက ပေါင်းစပ်ပြီး ဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူရွှေက မိမိလုံခြုံရေး၊ ရုံးလုံခြုံရေး အထူးဂရုစိုက်ရန်၊ လူဝင်၊ လူထွက်များကို အထူးသတိထားစောင့်ကြည့်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များအား အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ