သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ (၂၀) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ (၂၀) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ ပညာနေခြည်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက "မြတ်ဆရာ" သီချင်းဖြင့်သီဆိုကန်တော့ပြီး ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က သင်တန်းသား၊ သင်တန်းသူများကို "သုံးဆယ်ရှစ်ဖြာ" မင်္ဂလာတရားတော်နှင့်အညီ မြန်မာ့ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကိုထိန်းသိမ်းတတ်‌စေရန်၊ ဆရာ၊ဆရာမများ၏ ဂုဏ်ကျေးဇူးကိုတန်ဖိုးထားတတ်စေရန်နှင့် ကျေးဇူးသိတတ်သောသူများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုမြတ်ဆရာ ပူဇော်ပွဲအခမ်းအနားများကိုပြုလုပ်၍ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးတို့အားကန်တော့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် (၂၀) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားတွင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၉၇) ဦးတို့အား သင်တန်းသား၊ သင်တန်းသူတို့က ကန်တော့ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာငြိမ်းသီအောင်နှင့် ကျောင်းသား၊ ကျောင်းသူများက ကန်တော့လက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဂုဏ်ထူးဆောင်ဆရာမကြီး ဒေါက်တာခင်မျိုးမြင့်ကြူး၊ ဆရာမကြီးခင်ဝေမြင့်နှင့် ဆရာမကြီးဒေါက်တာ ခင်သူဇာစောတို့က ဩဝါဒစကားနှင့်ဆုပေးစကားများပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက "လမ်းပြကြယ်" သီချင်းဖြင့်ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

လှနွယ်လေး(သင်္ဃန်းကျွန်း)