တံတားဦး အောက်တိုဘာ ၄
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူကုန်ကူးမှုဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသော အခြေအနေကို အလွဲသုံးစားပြုလုပ်ခြင်း စသည်တို့ပါဝင်ပါကြောင်း၊ ၎င်းအပြင် လွှဲပြောင်းခြင်း၊ ခိုလှုံခွင့်ပြုခြင်း၊ လက်ခံခြင်းများကို လုပ်ဆောင်ကာ မိမိသဘောဆန္ဒမပါဘဲ အဓမ္မစေခိုင်းခြင်း၊ ကျွန်ပြုခံရခြင်း၊ လိင်ဖျော်ရေးလုပ်ငန်းများတွင် အသုံးချခံရခြင်း စသည်တို့လည်း ပါဝင်ပါကြောင်း၊ ပြည်သူများအနေဖြင့် လူမှောင်ခို၊ လူကုန်ကူးမှု ပပျောက်ရေးတွင် မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးနှင့် နှုတ်မှုစွမ်းရည်မြင့်မားရေးအတွက် မိမိတို့လေ့လာမှတ်သားသည့် ပုံပြင်များဖြင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပေးပြီး ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များချီးမြှင့်ပေးကြောင်းသိရသည်။ အသိပညာပေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက် ကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)