မလှိုင်မြို့နယ်၌ အသက် (၂)နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

မလှိုင် အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင်  အသက်(၂)နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီက မလှိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း၌ ပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမ ဒေါ်ခင်နှင်းခိုင်က ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ငါးမျိုးစပ် ကာကွယ်ဆေးအပြင်  ဝက်သက်၊ ဂျိုက်သိုး၊ ပိုလီယိုကာကွယ်ဆေး(ထိုးဆေး) ထိုးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးမှုများ၊ ကလေးမိခင်များ အနေဖြင့်  ဆေးထိုးပြီးနော် လိုက်နာဆောင်ရွက်သင့်သည်များကို အလေးထားမှတ်သားရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများက ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးရာ မူကြိုဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက   လိုအပ်သည်များကို ကူညီပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး ယခင်လများက ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ကလေးငယ်များကိုလည်း ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။  

အဆိုပါနေ့က ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းမှ ကလေးငယ်(၅၂) ဦး၊ နံနက်ပိုင်းတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ (၄၇) ဦး၊ စုစုပေါင်း(၉၉)ဦး  ထိုးနှံပေးခဲ့သည်။

အောင်ဌေး(မလှိုင်)