ကျောက်မဲ အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာအုပ်စုရှိ မွေးမြူရေးဇုံ၊ ဦးသန်းအောင် မွေးမြူရေးခြံတွင် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က ကျွဲကုန်းကျေးရွာအုပ်စု တောင်သူ ၁၀ အိမ်ထောင်စုအား မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူရန် ဒေသနွား(ပြာစိမ်း) ၁၀ ကောင်၊ အစာအိတ် ၃၆ အိတ်၊ တိရိစ္ဆာန်အစာပင် မန်ရေးဘားမြက်မျိုးစေ့ ၁၀ ထုပ် ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာစိုးနိုင်ဝင်းက မွေးမြူရေးဘဏ်စနစ်ဖြင့် တိရိစ္ဆာန်များကို လက်ဆင့်ကမ်း မွေးမြူခြင်းဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသခံများ ဝင်ငွေတိုးတက်လာပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြည်နယ်အစိုးရ ခွင့်ပြုရံပုံငွေဖြင့် ဒေသနွားများ မွေးမြူရန် ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်တောင်သူများအား တာဝန်ရှိသူများက နွား၊ အစာအိတ်နှင့် မျိုးစေ့များ ပေးအပ်ခဲ့ရာ တောင်သူတစ်ဦးချင်း လက်ခံရယူခဲ့သည်။
မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွား လက်ခံရရှိသော တောင်သူများသည် နွားကို ၃ နှစ် မွေးမြူခွင့် ရရှိမည်ဖြစ်ပြီး ၃ နှစ်အတွက် ပေါက်ဖွားသော နွားများကို ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ၃ နှစ်ပြည်ပြီးပါက မူလနွားကို အခြားမွေးမြူမည့် တောင်သူများသို့ လွဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)