စမ်းချောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

စမ်းချောင်း အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေနဲ့ တင်္ခနုပ္ပတ္တိဥာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ဗဟုသုတတွေကို စဥ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကာယ ဉာဏ စာရိတ္တ မိတ္တဘောဂ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကိုစတင်ခဲ့ရာ  အ-ထ-က (၂)ကျောင်းမှ ကျောင်းသူ(၆) ဦးတို့က စာပေမြင့်မှလူမျိုးတင့်မည်၊ အစဉ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊  ချစ်မြတ်နိုးစရာ မြန်မာ့အနုပညာ၊ မူးယစ်ရန်စွယ်တို့ကာကွယ်၊ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ I have a dream၊ စသည့်ခေါင်းစဉ် (၆) ခုကို မဲနှိုက်ပြီး ကိုယ်ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုး၊ အ-ထ-က (၂) ကျောင်းမှ အထက်တန်းပြဆရာမဒေါ်‌သီတာနှင့် အလယ်တန်းပြဆရာမ ဒေါ်နန့်မေရီထွန်းတို့က ဆုရွေးချယ်ရေးဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆုများရရှိခဲ့ကြသော ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ အေးစုမွန်ဝင်းက  ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသူစုစုပေါင်း (၃၂၀) ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဒေါ်ဖြူသွယ်ထွန်း