တောင်ကြီး အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် တောင်ကြီးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက လူငယ်များ အတွေးအခေါ်စွမ်းရည်များ ပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုများရရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဝိုင်းဖွဲ့၍ ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် လူအများရှေ့တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိများ ရရှိလာစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးစိုးက ဆောင်ရွက်ခဲ့ပြီး၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ မောင်ကောင်းဇေယျာဝင်း၊ မောင်စိုးသီဟဇော်၊ မမေသူဇော်နှင့် မခင်စံပယ်ထွေးတို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာဖတ်ခြင်းစသည့် အသိပညာပေးခေါင်းစဉ်တို့ကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား/သူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အေးအေးစိုး(ပြန်/ဆက်)