မော်လမြိုင် အောက်တိုဘာ ၄
မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်းအား တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် အောက်ကျင်းရပ်ကွက်တွင် တစ်အိမ်တက်ဆင်းလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ မေးမြန်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများအား စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရခြင်းအကြောင်းနှင့် မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းသည် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်း မဆောင်ရွက်မီ တစ်နှစ်အလိုဖြစ်သည့် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းကို မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် မော်လမြိုင်မြို့နယ်၌ စာရင်းကောက်ကွက်(၃)ခုဖြစ်သည့် အောက်ကျင်းရပ်ကွက်(၁)ရပ်ကွက်နှင့် ဖားအောက်ကျေးရွာအုပ်စု(၂)ကျေးရွာတို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား Mobile Tablet များအသုံးပြုပြီး CAPI နည်းစနစ်ဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)