ကျိုက်ထိုမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာသင်ယူနိုင်မှု အခွင့်အလမ်းများဆိုင်ရာဟောပြောပွဲပြုလုပ်

ကျိုက်ထို အောက်တိုဘာ ၄

မွန်ပြည်နယ်၊ ‌ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင် အလယ်တန်းအဆင့် Grade – 9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာကျိုက်ထို ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းအဆင့် Grade-9 ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူခွင့်ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို တွဲဖက်သင်ကြားနိုင်ရေးနှင့် ပညာရေးလမ်းသွယ်နှင့် ပညာသင်ယူမှု အခွင့်အလမ်းများအကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြမိုးမှ ခရိုင်အလိုက်ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိူးရေး၊ မွေးမြူရေးတွဲဖက်သင်ကြားသည့် ကျောင်းစာရင်း၊ ထားရှိမည့် သတ်မှတ်ဦးရေများနှင့် ပတ်သက်၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်လှိုင်က ဝင်ခွင့်လျှောက်လွှာခေါ်ယူမှု အစီအစဉ်သတ်မှတ်မှုများနှင့် သင်ကြားရမည့် ဘာသာရပ်များအကြောင်းကိုလည်းကောင်း၊ ကျိုက်ထိုမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်ထွန်းက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာသင်ယူနိုင်မှုအတွက် ထောက်ပံ့ကြေးပေးအပ်မည့် အစီအစဉ်ပေးအပ်မည့် အောင်လက်မှတ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကျိုက်ထိုခရိုင်နှင့် မြိုနယ်ပညာရေးမှူးများ၊မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)