နမ္မတူမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း အ.ထ.က (၂) ကျောင်း၌ ဆောင်ရွက်

နမ္မတူ အောက်တိုဘာ ၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအား ကျင်းပခဲ့ရာ အလယ်တန်းပြဆရာမ ဒေါ်နန်းမြစိန်က “လူငယ်နှင့် ပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-9)မှ ကျောင်းသား မောင်မင်းခန့်သူက “လူငယ်နှင့် ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-10)မှ ကျောင်းသူ မယွန်းလင်းလဲ့ကျော်က “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-11)မှ ကျောင်းသား မောင်ညီဘုန်းပြည့်က “လူငယ်နှင့် ကြီးပွားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-9)မှ ကျောင်းသူ မနန်းဆုရတီလင်းက “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-10)မှ ကျောင်းသူ မရွှန်းပြည့်ပြည့်စံက “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-11)မှ ကျောင်းသား မောင်ရန်မျိုးအောင်က “မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်ကျောင်းသားကျောင်းသူ များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။

ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိရွှေစင်ဦးက ကျေးဇူတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)