တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

တပ်ကုန်း အောက်တိုဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျသုခဓမ္မာရုံတွင် ကျင်းပသည်။

အဆိုပါစကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းထွဋ်အောင်၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမြတ်နိုင်တို့က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြား​ခဲ့သည်။

ထို့နောက်လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ မောင်ဘုန်းလျှံမိုးသိန်း၊ (Grade-10)၊ မသွန်းနဒီဇော် (Grade-10)၊ မစန်းစန်းဌေး(Grade-11)၊ မောင်ပြည့်ဘုန်းကျော်(Grade- 11) တို့က လူငယ်နှင့်အချိန်၏တန်ဖိုး၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်