သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

သံဖြူဇရပ်  စက်တင်ဘာ ၄

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာခင်စောတင့် ရေးသားသော" စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီကစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍​ စာရေးဆရာခင်စောတင့်ရေးသားသည့်"စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ"စာအုပ်ပါ "ရှုမဆုံးတော့သည်၊ မျှော်လင့်ချက်၊ မွေးမေမေနဲ့ကျွေးမေမေ" ဆောင်းပါး ပါအကြောင်းအရာကို Book Club အဖွဲ့ဝင် ဦးစံသောင်းကဖတ်ကြားဆွေးနွေးပြီး "လူတန်းစာအလွှာမခြားနားစေရာ၊ အချိန်အခါကိုသိပါ၊ စွန့်စားမှုဆီသို့ခြေတစ်လှမ်း"ဆောင်းပါးပါ အကြောင်းအရာကို Book Club အဖွဲ့ဝင် စာရေးဆရာမင်းကျော်ဝင်း(ကမာဝက်)က ဖတ်ကြားဆွေးနွေးသည်။

ထို့နောက် "အမုန်းကိုဆန့်ကျင်ပြီးအချစ်နှင့်ပေါင်းစည်း၍၊ ကျော်ကြားမှုအတွက်ပေးဆပ်ရခြင်း၊ အမေဆိုတာ" စသည့်အကြောင်းအရာများကို Book Club အဖွဲ့ဝင်ဦးကျင်ဟုတ်( ရွှေပန်းချီ)က ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှလည်း စာအုပ်ပါအကြောင်းအရာများကိုအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကိုဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ်စာ​ပေဝါသနာရှင်များ စာဖတ်သည့်အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့်အသိဖြင့် သူတပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)