ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ကဗျာဆရာကြည်သိန်းဇော်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို အောက်တိုဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပရာ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)