တန့်ယန်း အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံရေးပါတီများ၏ ပါတီဝင် အင်အားနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဉပဒေအရ ပါတီဝင် အင်အားစာရင်းကို စိစစ် ပူးပေါင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းတို့က နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဉပဒေ ၁၃(က)အရ ပါတီဝင်ဦးရေ ပြည့်မီသော အင်အားစာရင်း စိစစ် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံရေးပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့မှ လုပ်ငန်းဆိုင်ရာများ တင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)