ကော့မှူး အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဇာတ်တိုက်လေ့ကျင့်မှု (Kaeru aravan) အသိပညာပေးလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က သဘာဝအလျောက်ဖြစ်စေ လူတို့၏ပြုမှုဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေမီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းများအား ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းအပါအဝင် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်သည့်အခါ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအား ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော အကြောင်းအရာများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ